ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကန့်ကွက်လွှာအမှုတင်သွင်းခြင်း


တင်သွင်းနိုင်သူ

၁။       လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယှဉ်ပြိုင်အရွေးခံသော မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို  သို့မဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ ကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်အခွင့် အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်ကသော်လည်းကောင်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်။   { သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈(က)/ နည်းဥပဒေ ၁၁၂ }

ကန့်ကွက်လွှာတွင်ပါဝင်ရမည့်အချက်များ

၂။ (က) ကန့်ကွက်သူသည် ကန့်ကွက်လွှာတွင် မိမိ၏အထောက်အထားအဖြစ်တင်ပြလိုသော အရေးကြီးသည့်အချက်များကို အကျဉ်းချုပ် ဖော်ပြရမည်။ လိုအပ်လျှင် ကန့်ကွက် ချက်များကို စာပိုဒ်များခွဲ၍ အမှတ်စဉ်ရေးထိုးရမည်။ ကန့်ကွက်လွှာတွင် တရားမကျင့်ထုံးဥပဒေအရ အဆိုအချေများ ဟုတ်မှန်ကြောင်းဝန်ခံရန် ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း ကန့်ကွက်ချက်များ ဟုတ်မှန်ကြောင်း ကန့်ကွက်သူက ဝန်ခံလက်မှတ်ရေးထိုးရမည်။
  (ခ) ကန့်ကွက်သူသည် မိမိစွပ်စွဲလိုသော တရားမဲ့ပြုကျင့်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ တရားမဲ့ပြုကျင့်မှု ကျူးလွန်သူများ၏ အမည်များ၊ တရားမဲ့ပြုကျင့်မှု အသီးသီးကို ကျူးလွန်သောနေ့ရက်နှင့်နေရာများကို ဖော်ပြသောစာရင်း တစ်စောင်ကို ကန့်ကွက်လွှာနှင့်အတူ ပူးတွဲတင်သွင်းရမည်။ ယင်းစာရင်းတွင်လည်း အပိုဒ်ခွဲ(က)၌ဖော်ပြခဲ့သည့်အတိုင်း မှန်ကန်ကြောင်းဝန်ခံလက်မှတ်ရေးထိုးရမည်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၁၃)

၃။   လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မိမိ၏ကန့်ကွက်လွှာတွင် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်ရာ၌ မိမိသာလျှင် မဲအများဆုံးရ၍ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်သည်ဟု ကြေညာစေရန် တောင်းဆိုလိုပါက အောက်ပါ အကြောင်းပြချက်တစ်ရပ်ရပ်ကို အခြေခံရမည် -

  (က)

လျှောက်ထားသူသာလျှင် ခိုင်လုံသော မဲအများဆုံးရသည်မှာ အမှန်ဖြစ်သည်ဟူသော အကြောင်းပြချက်၊

  ( ခ )

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့သော် လျှောက်ထားသူသည်သာ ခိုင်လုံသောမဲအများဆုံးကို ရရှိနိုင်သည်ဟူသောအကြောင်းပြချက်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ (ခ) }

တင်သွင်းရမည့်နေ့ရက်

၄။     သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏အမည်ကို ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း တင်သွင်းရမည်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၁၂)

အမှုစရိတ်အတွက်ပေးသွင်းရမည့်ငွေ

၅။        ကန့်ကွက်လွှာတင်သွင်းသူတိုင်းသည် မိမိ၏ ကန့်ကွက်လွှာနှင့်အတူ အမှုစရိတ်အတွက် ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသည့် ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရမည်။ ကန့်ကွက်လွှာတစ်စောင်၌ ကန့်ကွက်သူတစ်ဦးထက်ပို၍ပါရှိလျှင် ကန့်ကွက်သူတစ်ဦးချင်းအလိုက် ငွေကျပ် ၁၀ သိန်းစီ ပေးသွင်းရမည်။ အဆိုပါပေးသွင်းထားသော အမှုစရိတ်များကို မည်သည့် အကြောင်းကြောင့်မျှ ပြန်လည်ထုတ်ယူခွင့်မရှိပါ။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ  ၁၁၅)

တန်ပြန်ကန့်ကွက်ခွင့်ရှိခြင်း

၆။        ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်လွှာမိတ္တူတစ်စောင်စီကို ကန့်ကွက်ခံရသူအသီးသီးထံသို့ ဆောလျင်စွာပေးပို့စေ၍ ယင်းကန့်ကွက်လွှာမိတ္တူကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်ရန် ကော်မရှင်သို့ပေးပို့ရမည်။ ထို့ပြင် ယင်းကန့်ကွက်လွှာမိတ္တူတစ်စောင်ကို ခုံရုံးရှိ အများမြင်သာသော ကြော်ငြာသင်ပုန်းတွင် ကပ်ထားရမည်။ ထိုသို့ ကြော်ငြာစာကပ်ထားပြီးနောက် ၁၅ ရက်အတွင်း ကန့်ကွက်ခံရသူတစ်ဦးဦးကဖြစ်စေ၊ ကန့်ကွက်ပိုင်ခွင့်ရှိသော မဲဆန္ဒရှင်တစ်ဦးဦးက ကန့်ကွက်ခံရသူအဖြစ်ပါဝင်၍ဖြစ်စေ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးတစ်ရပ်ရပ်ကို တင်ပြတောင်းခံလိုပါက အမှုစရိတ်အတွက် ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသည့် ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းပြီး ယင်းအခွင့်အရေးကို တောင်းခံခွင့်ရရှိစေရမည့်အပြင် ယင်းအခွင့်အရေးနှင့်စပ်လျဉ်း၍ သက်သေအထောက်အထားလည်း တင်ပြခွင့်ရှိသည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၁၈)

ကန့်ကွက်လွှာရုပ်သိမ်းခြင်း

၇။ (က) ကန့်ကွက်သူက ကန့်ကွက်လွှာကို ရုပ်သိမ်းလိုကြောင်းလျှောက်ထားလျှင် ကော်မရှင်က ခွင့်ပြုမှသာ ရုပ်သိမ်းရမည်။ သို့ရာတွင် ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲခုံအဖွဲ့က ခွင့်ပြုလျှင် ရုပ်သိမ်းနိုင်သည်။
  (ခ)

ကန့်ကွက်လွှာတစ်စောင်၌ ကန့်ကွက်သူတစ်ဦးထက်ပို၍ပါရှိလျှင် ကန့်ကွက်သူအားလုံး၏ သဘောတူညီချက်ကိုရမှသာ ထိုကန့်ကွက်လွှာကို ရုပ်သိမ်းရမည်။

  (ဂ)

ကန့်ကွက်လွှာကို ရုပ်သိမ်းလိုကြောင်း ရွေးကောက်ပွဲခုံအဖွဲ့သို့ လျှောက်ထားသောအခါ ခုံအဖွဲ့က ကြားနာရန်နေ့ရက် သတ်မှတ်ပေးရမည်။ ထိုသို့ ချိန်းဆိုသောနေ့ရက်ကို ကန့်ကွက်လွှာပါ အမှုသည်အားလုံးထံသို့ အကြောင်းကြားရမည်။ ထိုအကြောင်းကြားစာကို ခုံရုံးရှိ အများမြင်သာသောကြော်ငြာသင်ပုန်းတွင် ကပ်ထားရမည်။

  (ဃ)

ကန့်ကွက်လွှာကို ရုပ်သိမ်းလိုခြင်းသည် မရိုးမဖြောင့်သောသဘောဖြင့် အပေးအယူ ပြုလုပ်စေ့စပ်ခြင်းဖြစ်သည်ဟုလည်းကောင်း၊ မလျော်သြဇာသုံးခြင်းကြောင့် ဖြစ်ရသည်ဟုလည်းကောင်း ရွေးကောက်ပွဲခုံအဖွဲ့ သို့မဟုတ် ကော်မရှင်က တွေ့ရှိ၍ ကန့်ကွက်လွှာကို ရုပ်သိမ်းခွင့်မပြုသင့်ဟု ယူဆပါက ရုပ်သိမ်းခွင့်မပြုရ။

  (င)

ကန့်ကွက်လွှာကို ရုပ်သိမ်းခွင့်ပြုခဲ့သော် -

   

(၁)

ကော်မရှင် သို့မဟုတ် ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်ခံရသူ ကုန်ကျ သောအမှုစရိတ် သို့မဟုတ် သင့်လျော်သည်ဟုထင်မြင်သော ကန့်ကွက်ခံရသူ ကုန်ကျသည့်အမှုစရိတ်ကို ကန့်ကွက်သူက ကန့်ကွက်ခံရသူအားပေးရန် အမိန့်ချမှတ်ရမည်။

   

(၂)

ကော်မရှင်သည် ကန့်ကွက်လွှာရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြနိုင်ရန် ဆောင်ရွက်ရမည်။

   

(၃)

ထိုသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ၁၅ ရက်အတွင်း နည်းဥပဒေ ၁၁၂ ပါ ပုဂ္ဂိုလ်တစ်ဦးဦးသည် ကန့်ကွက်လွှာရုပ်သိမ်းသွား သူအစား မိမိကို ထည့်သွင်းပေးရန် လျှောက်ထားနိုင်သည်။ ကုန်ကျသော အမှုစရိတ်အတွက် ငွေပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၁၅ ၌ပြဋ္ဌာန်း ထားသည့်အတိုင်း လိုက်နာလျှင် ထိုသူသည် ကန့်ကွက်သူအဖြစ် အစားထည့်သွင်းခံခွင့်ရရှိမည့်အပြင် ရွေးကောက်ပွဲခုံအဖွဲ့က သင့်လျော်သည် ဟုထင်မြင်သော စည်းကမ်းချက်များအရ ဆက်လက်တရားဆိုင်နိုင်ခွင့်ကိုလည်း ရရှိရမည်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၂၁)

ကန့်ကွက်လွှာရပ်စဲခြင်း

၈။ (က) ကန့်ကွက်လွှာတစ်စောင်တွင် ကန့်ကွက်လွှာတင်သွင်းသူ တစ်ဦးတည်းသာရှိလျှင် ထိုသူကွယ်လွန်မှသာ သို့မဟုတ် ကန့်ကွက်သူ တစ်ဦးထက်ပို၍ပါရှိလျှင် ထိုကန့်ကွက် သူအားလုံး ကွယ်လွန်မှသာ ယင်းကန့်ကွက်လွှာ ရပ်စဲရမည်။ ယင်းသို့ရပ်စဲကြောင်း ကော်မရှင်က အများသိစေရန် ထုတ်ပြန်ကြေညာရမည်။ ထိုကြေညာချက်ကို နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြနိုင်ရန် ဆောင်ရွက်ရမည်။
  (ခ) ကန့်ကွက်လွှာရပ်စဲကြောင်း ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ၁၅ ရက်အတွင်း နည်းဥပဒေ ၁၁၂ ပါပုဂ္ဂိုလ်တစ်ဦးဦးသည် ကန့်ကွက်သူအဖြစ် မိမိကိုအစားထည့် သွင်းစေရန် လျှောက်ထားနိုင်သည်။ ကုန်ကျသောအမှုစရိတ် ငွေပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၁၁၅ ၌ ပြဋ္ဌာန်းထားသည့်အတိုင်းလိုက်နာလျှင် ထိုသူသည် ကန့်ကွက်သူအဖြစ် အစားထည့်သွင်းနိုင်ခွင့်ရရှိမည့်အပြင် ရွေးကောက်ပွဲခုံအဖွဲ့က သင့်လျော်သည်ဟုထင်မြင်သော စည်းကမ်းချက်များအရ ဆက်လက်တရားဆိုင်နိုင် ခွင့်ကိုလည်း ရရှိရမည်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၂၂)
၉။ (က)

ကန့်ကွက်သူက မိမိသာလျှင် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်ဟု ကြေညာပေးရန် တောင်းဆိုသည့်ကိစ္စတွင် ကန့်ကွက်လွှာကို စစ်ဆေး၍မပြီးသေးမီ ကန့်ကွက်ခံရသူ ကွယ်လွန်ခဲ့လျှင်လည်းကောင်း၊ ကန့်ကွက်ခံရသူက ကန့်ကွက်လွှာကို မချေပလိုကြောင်း အကြောင်းကြားစာပေးခဲ့လျှင်လည်းကောင်း၊ ကန့်ကွက်ခံရသူက ဆင့်ခေါ်စာကို လက်ခံရရှိသော်လည်း ချိန်းဆိုသောနေ့ရက်တွင် ခိုင်လုံသော အကြောင်းမရှိဘဲ ခုံအဖွဲ့၏ရှေ့မှောက်သို့ လာရောက်ရန် ပျက်ကွက်လျှင်လည်းကောင်း ရွေးကောက်ပွဲခုံအဖွဲ့သည် ကန့်ကွက်ခံရသူ ကွယ်လွန်ကြောင်း သို့မဟုတ် ကန့်ကွက်ခံရသူက မချေပလိုကြောင်း သို့မဟုတ် ကန့်ကွက်ခံရသူက ချိန်းဆိုသောနေ့ရက်တွင် ခိုင်လုံသောအကြောင်းမရှိဘဲ ခုံအဖွဲ့၏ရှေ့မှောက်သို့ လာရောက်ရန် ပျက်ကွက်ကြောင်းပါရှိသည့် အမိန့်ကြော်ငြာစာကို အများသိစေရန် ထုတ်ပြန် ကြေညာရမည်။ ထိုကြေညာချက်ကို နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြနိုင်ရန် ကော်မရှင်သို့ ပေးပို့ရမည်။ ထိုသို့ကြေညာသည့်နေ့မှစ၍ ၁၅ ရက်အတွင်း နည်းဥပဒေ ၁၁၂ ပါ အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် ကန့်ကွက်လွှာကိုချေပရန် ကန့်ကွက်ခံရသူအစား မိမိကိုထည့်သွင်းစေလိုကြောင်း လျှောက်ထားနိုင်သည်။ ထိုသူသည် ကုန်ကျသော အမှုစရိတ်အတွက် ငွေပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ နည်းဥပဒေ ၁၁၅ ၌ ပြဋ္ဌာန်းထား သည့်အတိုင်း လိုက်နာလျှင် ကန့်ကွက်ခံရသူအဖြစ် အစားထည့်သွင်းခံခွင့်ရရှိမည့် အပြင် ရွေးကောက်ပွဲခုံအဖွဲ့က သင့်လျော်သည်ဟုထင်မြင်သော စည်းကမ်းချက်များအရ ဆက်လက်တရားဆိုင်နိုင်ခွင့်ကို ရရှိရမည်။

  (ခ)

အပိုဒ်ခွဲ(က)ပါ သတ်မှတ်ထားသည့်ရက် ကုန်ဆုံးသည့်နေ့အထိ ကန့်ကွက်ခံရသူ အဖြစ် အစားထည့်သွင်းစေလိုကြောင်း လျှောက်ထားသူမရှိလျှင် ရွေးကောက်ပွဲ ခုံအဖွဲ့သည် ကန့်ကွက်သူအား ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာ ပေးရမည်။ ထိုကြေညာချက်ကို အတည်ပြုနိုင်ရန်နှင့် နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြနိုင်ရန် ကော်မရှင်သို့ပေးပို့ရမည်။ (သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ  ၁၂၃)

အယူခံမှုတင်သွင်းခြင်း

၁၀။    ကန့်ကွက်သူကလည်းကောင်း၊ ကန့်ကွက်ခံရသူကလည်းကောင်း ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်၍ ကော်မရှင်သို့ အယူခံမှု တင်သွင်းလိုလျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

  (က) အယူခံမှုတင်သွင်းရန် အမှုစရိတ်ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ် ပေးသော ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရမည်။
  (ခ)

ယင်းသို့ အမှုစရိတ်ငွေကျပ် ၁၀ သိန်း ပေးသွင်းပြီးကြောင်း ချလန်မူရင်းတင်ပြ၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူကို ကော်မရှင်ရုံးမှ ထုတ်ယူနိုင်သည်။

  (ဂ)

အယူခံမှုလျှောက်လွှာကို ငွေပေးသွင်းပြီးကြောင်း ချလန်မူရင်း၊ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူတို့နှင့်အတူ ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်သည့် နေ့မှ ၁၅ ရက်အတွင်း ကော်မရှင်သို့ တင်သွင်းရမည်။ ယင်းကာလစည်းကမ်းသတ်ကို တွက်ချက်ရာတွင် ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူကို ရယူရန်ကြာမြင့်သည့်ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။ (သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ  ၁၂၄)

ပြင်ဆင်မှုတင်သွင်းခြင်း

၁၁။    ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ရွေးကောက်ပွဲခုံအဖွဲ့က ကြားနာစစ်ဆေးနေစဉ်အတွင်း ခုံအဖွဲ့ကချမှတ်သည့် အမိန့်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကန့်ကွက်သူကလည်းကောင်း၊ ကန့်ကွက်ခံရသူကလည်းကောင်း ဥပဒေကြောင်းအရ မှားယွင်းကြောင်း၊ ယင်းအမိန့်မှာ ဥပဒေရေးရာပြဿနာ ပေါ်ပေါက်ကြောင်း အကြောင်းပြလျက် ကော်မရှင်သို့ ပြင်ဆင်မှုတင်သွင်းလိုလျှင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

  (က)

ပြင်ဆင်မှုတင်သွင်းရန် အမှုစရိတ်ငွေကျပ်ငါးသိန်းကို ကော်မရှင်က သတ်မှတ်ပေးသော ငွေစာရင်းခေါင်းစဉ်သို့ ပေးသွင်းရမည်။

  (ခ)

ယင်းသို့ အမှုစရိတ်ငွေကျပ်ငါးသိန်း ပေးသွင်းပြီးကြောင်း ချလန်မူရင်း တင်ပြ၍ ခုံအဖွဲ့၏ အမိန့်မိတ္တူကို ကော်မရှင်ရုံးမှ ထုတ်ယူနိုင်သည်။

  (ဂ)

ပြင်ဆင်မှုလျှောက်လွှာကို ငွေပေးသွင်းပြီးကြောင်း ချလန်မူရင်း၊ ခုံအဖွဲ့၏အမိန့် မိတ္တူတို့နှင့်အတူ ရွေးကောက်ပွဲခုံအဖွဲ့က အမိန့်ချမှတ်သည့်နေ့မှ သုံးရက်အတွင်း ကော်မရှင်သို့ တင်သွင်းရမည်။ ယင်းကာလစည်းကမ်းသတ်ကို တွက်ချက်ရာတွင် ရွေးကောက်ပွဲခုံအဖွဲ့၏ အမိန့်မိတ္တူကို ရယူရန်ကြာမြင့်သည့်ကာလကို ထည့်သွင်း ရေတွက်ခြင်း မပြုရ။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ  ၁၂၅)

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပျက်ပြယ်စေသည့်အချက်များ

၁၂။     ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ယင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်နိုင်သည် -

  (က)

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးကို ရယူခဲ့သည်ဟုလည်းကောင်း၊ ထိုနည်းဖြင့်ပင် သွေးဆောင်၍ ရယူခဲ့သည်ဟုလည်းကောင်း၊ ရွေးကောက်ပွဲအနိုင်အရှုံးသည် တရားမဲ့ပြုကျင့်မှုများကြောင့်သာ ဖြစ်ရသည်ဟုလည်းကောင်း ပေါ်လွင်ထင်ရှားခြင်း၊

  (ခ)

ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်၏ အကျိုးငှာ တရားမဲ့ပြုကျင့်မှု တစ်ခုခုကိုပြုကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

  (ဂ)

လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

  (ဃ)

လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ခြင်းတို့ကြောင့် လွတ်လပ်စွာမဲပေးနိုင်ခွင့်ရှိသော ရွေးကောက်ပွဲမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ ယင်းသို့ပြုလုပ်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရကြောင်း ပေါ်လွင်ထင်ရှားခြင်း၊

  (င)

ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (စ)၊ (ဆ)၊ (ဇ)၊ (စျ) သို့မဟုတ် (ဌ)ပါ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့အစည်းဝင်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၁)

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းမှ မပျက်ပြယ်စေသည့်အချက်များ

၁၃။    ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ် မဟုတ်သော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ပယောဂကြောင့် တရားမဲ့ပြုကျင့်မှုတစ်ခုခု အတွက် အပြစ်ရှိသည်ဟု ရွေးကောက်ပွဲခုံအဖွဲ့က အစီရင်ခံရာတွင် အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း ထင်မြင်ယူဆပါက ထိုလွှတ်တော်ကိုယ်စားလှယ်အား ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် မပျက်ပြယ်ဟု ကော်မရှင်က ဆုံးဖြတ်နိုင်သည် -

  (က) လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့၏ သဘောတူခွင့်ပြုချက်မရှိဘဲ ကျူးလွန်ခဲ့သော တရားမဲ့ပြုကျင့်မှုဖြစ်ခြင်း၊
  (ခ) လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲကျင်းပရာတွင် တရားမဲ့ပြုကျင့်မှုများကို မပြုစေရန် တတ်အားသရွေ့ တားဆီးဆောင်ရွက်ခဲ့ခြင်း၊
  (ဂ)

တရားမဲ့ပြုကျင့်မှုများသည် ရွေးကောက်ပွဲကို ထိခိုက်ခြင်းမရှိသော သေးနုပ်အရာ မရောက်သည့် ပြုကျင့်မှုဖြစ်ခြင်း၊

  (ဃ)

ရွေးကောက်ပွဲသည် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၏ တရားမဲ့ပြုကျင့်မှု ကင်းရှင်းသည်ဟု ပေါ်ပေါက်ခြင်း။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၃)


ရှေ့သို့