ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အမည်စာရင်းတင်သွင်းခြင်း


ပြည်သူ့လွှတ်တော်

၁။            ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူ တစ်ဦးကဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့် အတိုင်း အမည်စာရင်းတင်သွင်းလွှာကို တင်သွင်းရမည်။ (ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၂)

အမျိုးသားလွှတ်တော်

၂။       (က) FPTP မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ် စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
  ( ခ ) PR မဲဆန္ဒနယ်များအတွက် နိုင်ငံရေးပါတီကဖြစ်စေ၊ ယင်းနိုင်ငံရေးပါတီ၏ ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ မိမိပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။ 
   ( ဂ )

FPTP မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားပြုနိုင်ငံရေးပါတီသည် PR မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦး၏ အမည် စာရင်းကို တင်သွင်းရမည်။ ယင်းမဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အတိုင်း တင်သွင်းလိုက တင်သွင်းနိုင်သည်။ ယင်းသို့ အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ်အတိုင်းပြုစုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့သို့ ကော်မရှင်က သတ်မှတ်သည့်နေ့ရက်အတွင်း တင်ပြရမည်။ { အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၂/ နည်းဥပဒေ ၁၈(ခ) }

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်

၃။ (က) FPTP မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ကဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ် စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
  ( ခ ) PR မဲဆန္ဒနယ်များအတွက် နိုင်ငံရေးပါတီကဖြစ်စေ၊ ယင်းနိုင်ငံရေးပါတီ၏ ကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ မိမိပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာကို ကော်မရှင်က သတ်မှတ်ပေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။
  ( ဂ )

တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်သူ တစ်ဦးဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်းရမည်။

  (ဃ)

FPTP မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် မပါ) များတွင် ဝင်ရောက်ယှဉ် ပြိုင်သည့် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားပြုနိုင်ငံရေးပါတီသည် PR မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး၏ အမည်စာရင်းကို တင်သွင်းရမည်။ ယင်း မဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်အရေ အတွက်အတိုင်း တင်သွင်းလိုက တင်သွင်းနိုင်သည်။ ယင်းသို့ အမည်စာရင်း တင်သွင်းရာတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီ၏ ဦးစားပေးအစီအစဉ် အတိုင်းပြုစုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့သို့ ကော်မရှင်က သတ်မှတ်သည့်နေ့ရက်အတွင်း တင်ပြရမည်။ 

{တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၂/ နည်းဥပဒေ ၁၈(ဃ)}        

၄။            လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ တစ်ပြိုင် တည်း အမည်စာရင်းတင်သွင်းခွင့် မရှိစေရ။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၃)

၅။            လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူ၏ အမည် စာရင်းတင်သွင်းလွှာသည် သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ မရှိ၊ လက်ခံရန် သင့် မသင့်ကို သတ်မှတ်ထားသည့်အတိုင်း   အမည်စာရင်းတင်သွင်းလွှာလက်ခံခဲ့သည့် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက စိစစ်ရမည်။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄)    

၆။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက အမည်စာရင်းတင်သွင်းလွှာ စိစစ်သည့်အချိန်တွင် -
  (က) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ထားသူသည် မိမိတင်ပြလိုသော အထောက်အထားများကို တင်ပြခွင့်ရှိသည်။
  (ခ)

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိကြောင်း သို့မဟုတ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံခြင်းမရှိကြောင်းကို ထိုကိုယ်စားလှယ်လောင်း ရွေးကောက်ခံမည့်မဲဆန္ဒနယ်မှ ယှဉ်ပြိုင်ရွေးကောက်ခံ သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးက လုံလောက်သော အထောက်အထားများတင်ပြ၍ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်နိုင်သည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၅)

၇။   သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသည် အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ပြီးနောက် အောက်ပါအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -
  (က) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း၊
  (ခ)

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူဖြစ်ကြောင်း သတ်မှတ် ကြေညာခြင်း။ (သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၆)

ပြည်သူ့လွှတ်တော်

၈။ (က) ပုဒ်မ ၂၆ အရ ချမှတ်သောအမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့် အတိုင်း အယူခံခွင့်ရှိသည်။
  (ခ)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ်ဖြစ်စေရမည်။ (ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇)

အမျိုးသားလွှတ်တော်

၉။ (က) ပုဒ်မ ၂၆ အရ ချမှတ်သောအမိန့်ကို မကျေနပ်သူသည် ကော်မရှင်သို့ သတ်မှတ် ထားသည့်အတိုင်း အယူခံခွင့်ရှိသည်။
 

(ခ)

ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်စေရမည်။ (အမျိုးသား လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇)

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်

၁၀။ (က) ပုဒ်မ ၂၆ အရ ချမှတ်သောအမိန့်ကို မကျေနပ်လျှင် FPTP မဲဆန္ဒနယ်နှင့်  PR မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူဖြစ်ပါက ကော်မရှင် သို့လည်းကောင်း သတ်မှတ်ထားသည့်အတိုင်း အယူခံခွင့်ရှိသည်။
  (ခ) ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၏ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ် ဖြစ်စေရမည်။ (တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇)

ပြည်သူ့လွှတ်တော်

၁၁။         လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူတစ်ဦးသည် မိမိ၏အမည်စာရင်းတင်သွင်းလွှာကို သတ်မှတ်ထားသည့်အတိုင်း ရုပ်သိမ်းခွင့်ရှိသည်။  (ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၈)

အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်

၁၂။ (က)

FPTP မဲဆန္ဒနယ်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်းကောင်း၊ PR မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီကလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာကို သတ်မှတ်ထားသည့်အတိုင်း ရုပ်သိမ်းခွင့်ရှိသည်။  (အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၈)

  ( ခ )

PR မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီတစ်ခုသည် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းပါက ကော်မရှင်က သတ်မှတ်သည့် နေ့ရက်နှင့် အချိန်မတိုင်မီ ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းအစား အခြားသူတစ်ဦး၏ အမည်စာရင်းကို အစားထိုး ပြန်လည်တင်သွင်းရမည်။ (အမျိုးသားလွှတ်တော်/ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၃၄)

၁၃။         ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ထားသူသည်  သတ်မှတ်ထားသည့်အတိုင်း မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူတစ်ဦးကိုဖြစ်စေ မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်ထားရမည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၉)

၁၄။ (က) သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့်ပြည့်စုံသူကိုသာလျှင် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်ထားရမည်။ ယင်းသို့ ခန့်ထားရာတွင် ထိုသူ၏သဘောတူညီချက်ဖြင့် ခန့်ထားရမည်။
  (ခ)

ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ် နုတ်ထွက်လျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရလျှင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် အခြားသူတစ်ဦးအား ခန့်ထားနိုင်သည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၀)


ရှေ့သို့