ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဒေါက်တာအေးမောင် ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်းအား ပယ်ဖျက်ခြင်း


14 September 2025 : 05:42:57

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၀၂ / ၂၀၂၅ )

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော်  ၆  ရက်

( ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၁၂  ရက် )

ဒေါက်တာအေးမောင် ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ

အရေးယူထားခြင်းအား ပယ်ဖျက်ခြင်း

၁။            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၈ - ၅ - ၂၀၂၀ ရက်စွဲပါ ကြေညာချက် အမှတ် ( ၉၆/၂၀၂၀ ) ဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဒေါက်တာအေးမောင် အား စစ်တွေ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊ ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ပုဒ်မခွဲ(ခ) နှင့် ရာဇဝတ်ကြီးအမှုအမှတ်၊ ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ပုဒ်မခွဲ(၁)တို့အရ ပြစ်မှုထင်ရှား စီရင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံခဲ့ရခြင်းကြောင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်းနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ (က) အရ ကြေညာသည့်နေ့မှစ၍  နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။            အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၁၁-၉-၂၀၂၅ ရက်စွဲပါအမိန့်အမှတ်၊ (၇/၂၀၂၅)ဖြင့် ယာယီသမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည့် အခွင့်အာဏာကိုကျင့်သုံးလျက် စစ်တွေ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊ ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ပုဒ်မခွဲ(ခ) နှင့် ရာဇဝတ်ကြီးအမှုအမှတ်၊ ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ပုဒ်မခွဲ(၁)တို့အရ ပြစ်မှုထင်ရှား စီရင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာခဲ့သည့် ဒေါက်တာအေးမောင်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော နိုင်ငံတော်၏ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူစောင့်ထိန်း သွားမည်ဟု သန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် ကတိကဝတ်ပြုမှုအရ ၎င်းအပေါ်ပြစ်မှုထင်ရှား စီရင်ထားသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ပါသည်။

၃။            သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၈-၅-၂၀၂၀ ရက်စွဲပါ ကြေညာချက် အမှတ်(၉၆/၂၀၂၀)ဖြင့် ဒေါက်တာအေးမောင် [ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၁၃ / နခန (နိုင်) ၀၀၉၉၉၉ ] ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာထားခြင်းအား ပယ်ဖျက်လိုက်သည်။

 

                                                                      ( ပုံ ) သန်းစိုး 

                                                                      ဥက္ကဋ္ဌ

                                                                           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

 

 


ရှေ့သို့