ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ


03 December 2020 : 10:11:10
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း  ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါနှင့် အထူးကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၂၇ သန်းကျော် မဲလာပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ကော်မရှင်၏ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မဲပေးမှုရာခိုင်နှုန်းသည် ၇၁ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် နိုင်ငံတကာတွင် မဲပေးမှုရာခိုင်နှုန်းအလွန်ကောင်းမွန်သည့်အနေအထားတွင် ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သည့် မင်ဘူးများသည် ကြာရှည်ခံသည့်အတွက် ဝမ်းသာပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာရာတွင် စနစ်တကျဆောင်ရွက်ထားမှု၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးခဲ့မှုနှင့် မဲရေတွက်ခြင်းအပိုင်းများတွင် စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                    

  သတင်းစဉ်


ရှေ့သို့