စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
(၁၅-၁၁-၂၀၂၀)
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုး သားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၆၁၂ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နယ် ဖြစ်ပါသည်။
၂။ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ကြေညာပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၉-၁၁-၂၀၂၀ ရက်နေ့မှ ၁၅-၁၁-၂၀၂၀ ရက်နေ့အထိ ထပ်ဆင့်ထုတ်ပြန်ကြေညာပေးခဲ့ပြီး ဖြစ်ပါသည်။
၃။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် နိုင်ငံရေးပါတီ ကိုယ်စားပြု / တစ်သီးပုဂ္ဂလ ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရသည့်လွှတ်တော်ကိုယ်စားလှယ်အရေအတွက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
| စဉ် | ပါတီ/တစ်သီးပုဂ္ဂလ | ပြည်သူ | အမျိုးသား | တိုင်း/ပြည်နယ် | တိုင်းရင်းသား | စုစုပေါင်း | 
| ၁ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၂၅၈ | ၁၃၈ | ၅၀၁ | ၂၃ | ၉၂၀ | 
| ၂ | ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၂၆ | ၇ | ၃၈ | - | ၇၁ | 
| ၃ | ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ | ၁၃ | ၂ | ၂၇ | - | ၄၂ | 
| ၄ | ရခိုင်အမျိုးသားပါတီ | ၄ | ၄ | ၇ | - | ၁၅ | 
| ၅ | တအာင်း(ပလောင်)အမျိုးသားပါတီ | ၃ | ၂ | ၇ | - | ၁၂ | 
| ၆ | မွန်ညီညွတ်ရေးပါတီ | ၂ | ၃ | ၆ | ၁ | ၁၂ | 
| ၇ | ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ | ၃ | ၁ | ၇ | - | ၁၁ | 
| ၈ | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ | ၂ | ၃ | ၃ | - | ၈ | 
| ၉ | ကချင်ပြည်နယ်ပြည်သူ့ပါတီ | ၁ | - | ၃ | - | ၄ | 
| ၁၀ | ရခိုင့်ဦးဆောင်ပါတီ | ၁ | - | ၂ | - | ၃ | 
| ၁၁ | ‘ဝ’ အမျိုးသားပါတီ | ၁ | - | ၂ | - | ၃ | 
| ၁၂ | လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ | - | - | ၁ | ၁ | ၂ | 
| ၁၃ | ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၁ | - | ၁ | - | ၂ | 
| ၁၄ | လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | - | - | ၁ | ၁ | ၂ | 
| ၁၅ | ဒီမိုကရေစီပါတီသစ် (ကချင်) | - | ၁ | ၁ | - | ၂ | 
| ၁၆ | ကယန်းအမျိုးသားပါတီ | - | - | - | ၁ | ၁ | 
| ၁၇ | ကရင်ပြည်သူ့ပါတီ | - | - | ၁ | - | ၁ | 
| ၁၈ | ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ | - | - | ၁ | - | ၁ | 
| ၁၉ | ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | - | - | ၁ | - | ၁ | 
| ၂၀ | တစ်သီးပုဂ္ဂလ | - | - | ၂ | ၂ | ၄ | 
| 
 | စုစုပေါင်း | ၃၁၅ | ၁၆၁ | ၆၁၂ | ၂၉ | ၁၁၁၇ | 
၄။ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် ပါတီကိုယ်စားပြု/တစ်သီးပုဂ္ဂလကိုယ်စားပြု ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်ဆင့်ထုတ်ပြန်ပြီးဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်