Beta Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ...Credible Elections Paving The Way To Democracy

မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်


30 September 2020 : 10:32:24

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွက်  ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီး လစဉ်ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ပါသည်။ စိစစ်ပြုစုပြီး မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် ၂၅-၇-၂၀၂၀ ရက်နေ့မှ ၁၄-၈-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှလည်း လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။     ယင်းသို့ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာမည် ဖြစ်ပါသည်။ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရေးအတွက် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှုရန် ဖြစ်ပါသည်။

၃။      သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအနေဖြင့်လည်း ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ထို့အပြင် Mobile Application ဖြစ်သည့် findyourpollingstation.apk ကို  Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။

၄။      သို့ဖြစ်ပါ၍ မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက် / ဝင်ရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။ လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။

၅။  ထို့အပြင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းလာရောက်/ ဝင်ရောက်ကြည့်ရှုချိန်တွင် မိမိနှင့်မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားရှိစေလိုပါသည်။ သို့မှသာ ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ထုတ်ယူရာ၌ မဲစာရင်းအမှတ်စဉ်ဖြင့် မိမိ၏အမည်ကို အလွယ်တကူရှာဖွေနိုင်ပြီး အချိန်ကုန် သက်သာစေမည်ဖြစ်ပါသည်။

၆။    ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်)လာရောက်ကြည့်ရှုခြင်း၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင် ဝင်ရောက် ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ကြပါရန်နှင့် မိမိနှင့်မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ထုတ်ယူရာ၌ အချိန်ကုန် သက်သာစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၇။     Web Application နှင့် Mobile Application အသုံးပြု၍ မဲဆန္ဒရှင်စာရင်း စစ်ဆေးရမည့်နည်းလမ်းကို UEC Website နှင့် Facebook စာမျက်နှာတို့တွင် ဖော်ပြထားမည် ဖြစ်ပါသည်။

၈။     Web Application နှင့် Mobile Application တို့ကိုအသုံးပြုသည့်အခါ တစ်ချိန်တည်းတွင် အသုံးပြုသည့် User အများ/အနည်းပေါ်မူတည်၍ အချိန်ကြန့်ကြာခြင်းများလည်း ဖြစ်ပေါ်နိုင် ပါသဖြင့် စိတ်ရှည်စွာဖြင့် အချိန်ပေးပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့