ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်


22 July 2020 : 04:26:57

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီး လစဉ် ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်း/ပယ်ဖျက်ခြင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။    အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ၂၅-၇-၂၀၂၀ ရက်နေ့မှ ၇-၈-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက အောက်ပါလုပ်ငန်းစဉ် (၃) မျိုးကို ဆောင်ရွက်နိုင်ပါသည်-

(က)    မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန်တောင်းဆိုခြင်း၊

(ခ)     မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊

(ဂ)     မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း။

၃။      လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ (ထပ်မံ) ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ (ထပ်မံ) ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၄။   မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင်  အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့