Beta Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ...Credible Elections Paving The Way To Democracy

ကြေညာချက်အမှတ်( ၁၇၃ / ၂၀၂၀)


06 September 2020 : 07:52:18

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ်( ၁၇၃ / ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော်    ၄    ရက်

( ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ   ၆   ရက် )

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

၁။   လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်အတည်ပြု ကြေညာထားသည့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) ကို ၁-၇-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 
၂။   အဆိုပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အား ပြင်ဆင်သည့် ညွှန်ကြားချက်များ ဖြစ်သည့် မဲဆွယ်စည်းရုံးရေးကာလအဖြစ် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီတစ်ရက်အလိုအထိ ရက်ပေါင်း ၆၀ စည်းရုံးခွင့်ရှိကြောင်း ၂၅-၆-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၄ / ရကပ / ကမရ ဖြင့် လည်းကောင်း၊ စုဝေးဟောပြောခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားသည်နှင့်တစ်ပြိုင်တည်း မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်နိုင်ကြောင်း ၄-၉-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၅ / နငရ-ကြီးကြပ် (၈)/ ကမရ ဖြင့် လည်းကောင်း ပြင်ဆင်ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
 
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၆-၅-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၄ / နငရ- ကြီးကြပ် (၂၂) / ကမရ ဖြင့် နိုင်ငံရေးပါတီများက ဘာသာရေးအဆောက်အအုံများတွင် အစည်းအဝေး ကျင်းပပြုလုပ်ခြင်းကို ခွင့်မပြုကြောင်းနှင့်  တည်ဆဲနိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လည်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
 
၄။ ထို့အပြင် နိုင်ငံရေးပါတီများ၏ သဘောတူညီချက်ဖြင့် ရေးဆွဲထားသော နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက်ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် (Code of Conduct for Political Parties and Candidates)  ကိုလည်း ပြင်ဆင်ပြုစု၍ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
 
၅။ ယခုကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်း များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်မည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure - SOP)၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ် ပါသည်။
 
၆။ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများသည် လွတ်လပ်၍ တရားမျှတပြီး အေးချမ်းတည်ငြိမ်သည့် ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက်လည်းကောင်း အောက်ဖော်ပြပါ ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်ချက်များကို အထူးအလေးထားလိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည် -
  (က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) နှင့် အဆိုပါညွှန်ကြားချက်ကို ပြင်ဆင်သည့် ညွှန်ကြားချက်များပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၆-၅-၂၀၂၀ ရက်စွဲပါ ညွှန်ကြားချက်
  (ခ ) နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊
  ( ဂ ) အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure – SOP)၊
  (ဃ) သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များ။
     
၇။   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀     
( ၈-၉-၂၀၂၀ ရက်နေ့ နံနက် ၀၆:၀၀ နာရီမှ ၆-၁၁-၂၀၂၀ ရက်နေ့ ည ၁၂:၀၀ နာရီ အထိ ) ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
 
(လှသိန်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ရှေ့သို့