ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှုအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း


26 February 2021 : 09:09:10

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၅  ရက်

၁။           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ ၁-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ပြီး ပုဒ်မ ၄၁၈ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်ကာကွယ်​ရေးဦးစီးချုပ်ထံ လွှဲအပ်ပြီးဖြစ်ပါသည်။ ထိုသို့လွှဲအပ်သည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဟု မှတ်ယူရမည့်အပြင် လွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

၂။            ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စစ်ဆေးတွေ့ရှိချက်များကို ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်းကို အသိပေးကြေညာပြီးလည်း ဖြစ်ပါသည်။

၃။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲအဆင့်တွင် မိမိတို့သဘောအလျောက် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီက ဆောင်ရွက်သည့်အစည်းအဝေးများ ပြုလုပ်ခြင်း၊ ကြေညာချက်/ အသိပေးကြေညာချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးအပ်ခြင်း အစရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တည်ဆဲဥပဒေများအရ တရားဝင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

၄။           သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လွှတ်တော်အသီးသီး၏ ကိုယ်စားပြုကော်မတီအမည်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ညီညွတ်မှုမရှိသည့်အပြင် ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းတွေ့ရှိရသဖြင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်နှင့် ဆက်လက်ဆောင်ရွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့