ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးနိုင်ရေး မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း


04 November 2020 : 08:04:17

(၄-၁၁-၂၀၂၀)

၁။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေအရ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်အားလုံး ရောဂါအန္တရာယ်ကင်းဝေးစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး လျာထားပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

၂။     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများအား သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေအတွင်းရှိ ကြိုတင်ဆန္ဒမဲပေးရမည့်နေရာများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ ဆန္ဒမဲပေးရန်သွားရောက်ခြင်းများအတွက် ခြွင်းချက်ဖြင့် သွားလာခွင့်ပြုကြောင်း ၂၅-၁၀-၂၀၂၀ ရက်စွဲပါအမိန့်အမှတ် ၁၃၅ /၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၃။      ထို့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေး လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၅-၁၀-၂၀၂၀ ရက်စွဲပါအမိန့်အမှတ် (၁၃၇/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၄။       သို့ဖြစ်ပါ၍ Stay at Home အဖြစ် သတ်မှတ်ထားသော မြို့နယ်များအပါအဝင် အခြားမြို့နယ်များမှ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး ကြိုတင်ဆန္ဒမဲမပေးရသေးသော မဲဆန္ဒရှင်များ အားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတစ်ဦးအား ပေးအပ်ထားသည့်ရွေးကောက်တင်မြှောက်ခွင့် မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့