Beta Version

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ...Credible Elections Paving The Way To Democracy

မမှန်ကန်သောရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များပြောဆိုရေးသား၊ ဖြန့်ချိ၊ ထုတ်လွှင့်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း


03 November 2020 : 08:03:20

၁။   ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက်ရှိပါသည်။

၂။   ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် တွေ့ကြုံလာရသော အခက်အခဲများ၊ အဆင်မပြေမှုများကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများက အပြုသဘောဆောင်၍ မှန်ကန်စွာ ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးနေကြသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျေးဇူးတင်ရှိပါသည်။

၃။    သို့ရာတွင် အချို့သောနိုင်ငံရေးပါတီများနှင့် အချို့သောနိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ထိုသို့ ကြိုတင်ဆန္ဒမဲများရယူခြင်းကိစ္စနှင့်စပ်လျဉ်း၍ တွေ့ကြုံနေရသည်ဟုဆိုကာ သတင်းအချက်အလက်များကို ပြောကြားခြင်း၊ ရေးသားထုတ်ဝေခြင်း၊ Online မှတစ်ဆင့် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ပြောကြားထုတ်လွှင့်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

၄။   ထိုသို့ ပြောဆို၊ ရေးသား၊ ထုတ်လွှင့်လျက်ရှိသော သတင်းအချက်အလက်များတွင် မှန်သောသတင်းအချက်အလက်များ ပါရှိသကဲ့သို့ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ ချဲ့ကားထားသော သတင်းအချက်အလက်များ၊ မှန်ကန်သော အချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင်ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းအချက်အလက်များ၊ ကိုယ်တိုင်တိုက်ရိုက်သိရှိခြင်းမရှိဘဲ ထပ်ဆင့်ကြားသိရချက်အပေါ် အခြေပြုထားသော သတင်းအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိနေရပါသည်။

၅။   မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်းများ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်သည့်အတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ) တွင် ပြဋ္ဌာန်းထားချက်နှင့် ငြိစွန်းပါကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့